မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

မင်းဘူး ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ရှိ လမ်းဆုံးများနှင့် လူအများ သွားလာရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော မိမိနေအိမ်တွင်သာနေထိုင်ရေး စည်းကမ်း ချက်များကို လိုက်နာရမည်ဖြစ်ပြီး မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် သတ်မှတ်ထားသော အချိန်အတွင်း၌ တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန် ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်မော်တော် ယာဉ်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း သွားလာရေးနှင့် နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှာခေါင်းစည်းများနှင့် မျက်နှာအကာ များကို မဖြစ်မနေ တပ်ဆင်သွားလာရန် စသည့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်နိုင်စေရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က “မိဘပြည်သူ တွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်နိုင်စေဖို့နဲ့ ရောဂါကူးစက် ပျံ့နှံ့မှုနှုန်း လျော့နည်းစေဖို့အတွက် အသိပညာပေးတဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ ယခုလို စစ်ဆေးကြပ်မတ်ဆောင်ရွက်မှုကိုတော့ နေ့စဉ်ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်ရက်တွေမှာတော့ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင်တော့ တည်ဆဲဥဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ပြောကြားသည်။

မင်းဘူး(စကု)မြို့နယ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ Stay At Home သတ်မှတ် ကြေညာခဲ့ပြီးနောက် မိဘပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်း ချက်များကို ကျယ်ကျယ်ပျံ့ပျံ့ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် (၂/၂၀၂၁)ကို ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထပ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းထုတ်ပြန်ချက်အား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များတွင် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)