သရက်မြို့ယာယီပျံကျဈေးနှင့် အသားငါးဈေးရှိ ဈေးရောင်း/ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

သရက်  ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီက  ဗိုလ်ချုပ်အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးနှင့် မြို့မဈေးအတွင်းရှိ အသားငါးဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျ ရောင်းချစေရန်၊ ဈေးဝယ်သူများ ဈေးဝယ်ခွင့်ကတ်များ ကိုင်ဆောင်ဝယ်ယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရန်တို့အား အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ဈေးဆိုင်များ သတ်မှတ်နေရာတွင်သာ စနစ် တကျရောင်းချရေး၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်ဆိုင်များ ပူးတွဲရောင်းချခြင်းမရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များအား အလေးထားလိုက်နာ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချသွားရေးတို့ကို နှိုးဆော်ခဲ့ကြသည်။

သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့မဈေးကြီးအား ပိတ်ထားသော်လည်း မြို့နယ်အတွင်းပြည်သူများ အဆင်ပြေစေရန်  ယာယီပျံကျဈေး နှင့် အသားငါးဈေးတို့အား ပုံမှန်ဖွင့်လှစ်ပေးထားပြီး ဈေးရောင်းချသူ/ ဈေးဝယ်သူများအနေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားထားသည့် စည်းကမ်းနှင့်အညီ ခင်းကျင်းရောင်းချကြရန် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဈေးအတွင်း လှည့်လည် ကြည့်ရှု၍ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)