အုတ်ဖို ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို မြို့နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးမှုတွင် အုတ်ဖိုမြို့၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့နှင့် အေးမြသာယာ ကျေးရွာတို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းများအား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်း ဈေးကွက်တွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အအကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဆေးဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချရေးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)