ထားဝယ်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက် ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး

ထားဝယ် သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ အပါအဝင် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အရေးပေါ် အောက်ဆီဂျင်လုံလောက်မှု ရရှိစေရန် ရည်ရွယ်လျက် တစ်ရက်လျှင် (၄၀)လီတာဆံ့အောက်ဆီဂျင်အိုးအလုံး (၂၀၀)အထိ ထုတ်လုပ် နိုင်သည့် အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဝယ်ယူ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအနောက်ဘက်၊ တည်ဆောက်ရေး လုပ်ငန်း နေရာသို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရောက်ရှိရာနေရာသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြရာ အောက်ဆီဂျင်စက် တည်ဆောက်ရေးကုမ္ပဏီတာဝန်ခံဦးမျိုးလွင် က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO- 60 NM3 အမျိုးအစား ဖြစ်ကြောင်း တစ်ရက်လျှင် အောက်ဆီဂျင်လီတာ (၄၀)ဆံ့ အိုး (၂၀၀)အထိ ထုတ်လုပ် နိုင်မည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို က အောက်ဆီဂျင်စက် တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိင်ရေး သက်ဆိုင်ရာကုမ္ပဏီနှင့် တည်ဆောက်ရေး ကော်မတီများ အနေဖြင့် လည်းကောင်း၊ စက်တပ်ဆင်ပြီး ပါက အောက်ဆီဂျင်ထုတ်လုပ်ပြီး အောက်ဆီဂျင်လိုအပ်သည့် လူနာများအား အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးအတွက်တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် လည်းကောင်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် အောက်ဆီဂျင်စက် ထုတ်လုပ်နိုင်ပြီးဆိုပါက အောက်ဆီဂျင်ဖြန့်ဝေသည့် လုပ်ငန်းများကို စနစ်တကျဖြင့် အချိန်နှင့်တပြေး ညီဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြရန် တာဝန်ရှိသူ အသီးသီးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ ပင်မ အဆောက် အဦ(ပေ ၃၀× ပေ ၆၀)ကို တိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း က တာဝန်ယူဆောက်လုပ်လှူဒါန်း ခြင်းဖြင့် လည်းကောင်း၊ အုပ်ချုပ်မှုအဆောက်အဦ(၁)လုံး(ပေ ၄၀× ပေ ၁၈)အား တိုင်းဒေသကြီး ငါးဆရာများ အဖွဲ့ က တာဝန်ယူ ဆောက်လုပ်လှူဒါန်းခြင်းဖြစ် လည်းကောင်းဆောင်ရွက် လျက်ရှိပြီး စက်ရုံ တည်ဆောက်ပြီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ကလည်း အချိန်နှင့်တပြေးညီ ကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်လတ်(ထားဝယ်)