နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၀)စုအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

နတ်မောက်   ဩဂုတ်   ၁၄   

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၀)စုတို့အား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့မရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။    

အဆိုပါလှူဒါန်းခြင်းတွင် အလှူရှင်များဖြစ်သည့် ဦးဉာဏ်ရှိန်+ဒေါ်သန်းသန်းအေး မိသားစုမှ အိမ်ထောင်စု (၁၅၀)၊ Dr အောင်ကျော်ဝေ+ မလွင်လွင်မာမိသားစုမှ အိမ်ထောင်စု(၁၀၀)၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ကိုတင်မောင်ထွေး+မလှကြည်လင်း မိသားစုမှ အိမ်ထောင်စု (၂၀)စု  စုစုပေါင်း အိမ်ထောင်စု(၂၇၀)စုအတွက် တစ်အိမ်ထောင်လျှင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်၊ ကြက်ဥ(၁၀)လုံးကို ပေးအပ်လှူဒါန်းပေးခဲ့ပြီး လာရောက်ထုတ်ယူသူများကိုလည်း  နှာခေါင်းစည်း (Mask) များတပ်ဆင်စေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“လတ်တလောဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် သည့်အနေဖြင့် Stay at Home  သတ်မှတ်ထားတဲ့ကာလအတွင်း မိမိရပ်ကွက်အတွင်းရှိ အိမ်ထောင်စုဝင်များ စားဝတ်နေရေး အခက်အခဲမရှိစေရေးအတွက် ယခုလို တစ်နိုင်တစ်ပိုင် ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါတယ်ဟု အလှူရှင်တစ်ဦးမှ ပြောကြားသည်။

သင်းသင်းဝေ (နတ်မောက်)