မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်

မကွေး ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး Coronavirus Disease-2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေး အာမခံ စာချုပ်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးစိုးငြိမ်းက ကျန်းမာရေး အာမခံစာချုပ်များ ပြုလုပ်ခြင်း လုပ်ငန်းစဉ်များနှင့် အာမခံစာချုပ်များထားရှိခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၅)ခုမှ Volunteer (၅၇၆)ဦးအတွက် ကျန်းမာရေး အာမခံစာချုပ်များ ပေးအပ်ခဲ့ပြီး မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက Volunteer များအတွက် PPE ဝတ်စုံများ၊ လက်အိတ်များ၊ Mask ဗူးများ၊ Hand Gel များနှင့် Body Bag များ အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။ ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ Volunteer များကိုယ်စား Volunteer တစ်ဦးက ကျန်းမာရေးအာမခံစာချုပ်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ (မကွေး)