အမာ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)မှ အောက်ဆီဂျင် အိုးကြီးများယူလာပြီး အမာမြို့ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ပိုင် အောက်ဆီဂျင်အိုး အလွတ်များထဲသို့ အောက်စီဂျင်အရည်များဖြည့်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်၌ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထပ်မံတွေ့ရှိမှု များပြားလာခဲ့ပြီး အောက်ဆီဂျင်လိုအပ်မှုများ ဖြစ်ပေါ်နေခဲ့ရာ လူနာများအဆင်ပြေစေရေး တန်ဖိုးရှိသောတွဲလက်များအဖွဲ့က အကူအညီများရရှိနိုင်ရန် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ပုညပါရမီလူမှုကူညီရေးအသင်း(ရန်ကုန်)မှ အောက်ဆီဂျင်အထိုင်အိုးများ ယူဆောင် လာခဲ့ပြီး အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးတွင် အောက်ဆီဂျင်အရည်များဖြည့်ပေးခြင်းနှင့် Dead Bodyအိတ်(၁၀)ခုပါ (၁)ဖာ၊ PPE Level 3 (၂၈)စုံ တို့ကိုလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ရောဂါပိုးရှိသည်ဟု သံသယရှိသူများကို လိုက်လံခေါ်ဆောင်ပေးခြင်း၊ လိုအပ်သူများ အတွက် စားဝတ်နေရေးကူညီဆောင်ရွက်ပေးခြင်းနှင့် အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရန် ဆက်လက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမာမြို့၊ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ဝင်တစ်ဦး ထံမှသိ ရသည်။
အမာ (ပြန်/ဆက်)