ကော့သောင်း သြဂုတ် ၁၄
ကမ္ဘာနှင့်အဝှမ်းကိုဗစ်၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန် ကော့သောင်း(မြန်မာ) - ရနောင်း(ထိုင်း)နယ်စပ် ကုန်စည်ကူးသန်းရောင်းဝယ်မှု အချိန်ကန့်သတ်ချက်များကို ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသ အာဏာပိုင်များမှ နှစ်နိုင်ငံကုန်စည်ကူးသန်းရောင်းဝယ်ခွင့်အချိန် အနည်းငယ် တိုးမြင့်ဖြေလျော့ ပေးခဲ့ ကြောင်း သြဂုတ်လ ၁၃ရက်နေ့ကသိရသည်။
ကိုဗစ်၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားစဉ် ကာလအတည်းက မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသ တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ကူးသန်းသွားလာမှုအား နှစ်နိုင်ငံပိတ်သိမ်းထားခဲ့ပြီး ဒေသတွင်း ပြည်သူများ စားဝတ်နေရေးအခက်အခဲများအဆင်ပြေစေရန် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို အချိန်အကန့် အသတ်ဖြင့် ထိုင်းနိုင်ငံဖက်မှခွင့်ပြု ရောင်းဝယ်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကော့သောင်းမြို့၏ အဓိကရေ ထွက်ကုန် ငါးပုဇွန်များကို ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းတွင် ရောင်းချရာတွင်လည်းကောင်း၊ ကော့သောင်းဖက်မှ နေ့စဉ် အသီးအရွက်နှင့် စားသုံးကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာတွင် လည်းကောင်း ငါးရောင်းလှေနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေသော လှေကြီး လှေငယ်များကို နေ့စဉ် နံနက် ၆ နာရီ မှ နေ့လည် ၁ နာရီ အတွင်းသာ ရောင်းဝယ်ခွင့်ပြုထားရာ အချိန်လုံလောက်မှုမရှိသဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်သူများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် ထိုင်းနိုင်ငံရနောင်းမြို့ဒေသ အာဏာပိုင်များက နှစ်နိုင်ငံ အခြေခံ လူတန်းစားများ၊ ကုန်စည်ကူးသန်းရောင်းဝယ်သူများ လုပ်ငန်းအဆင်ပြေစေရန် နံနက် ၆ နာရီ မှ ညနေ ၆ နာရီ အထိ ကုန်စည်ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများကို အချိန်တိုးမြင့်သတ်မှတ် ဖြေလျော့ ပေးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်နိုင်ငံပြည်သူများ အပြန်အလှန်မဖြစ်ပွားစေရန် ကုန်စည်ပို့ဆောင် ရောင်းဝယ်သူများ၊ လှေလုပ်သားများကိုမှု ထိုင်းနိုင်ငံဆိပ်ကမ်းပေါ်သို့တက်ရောက်ခွင့်မပြုဘဲ ကုန်စည် ပို့ဆောင် သည့် လှေပေါ်တွင်သာ နေထိုင်ရောင်းဝယ်ကြရန် တင်းကြပ်စွာတားမြစ်ထား ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)