ဝါးခယ်မ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်မြို့နယ်၏ ကိုယ့်အားကိုယ်ကိုးရန်ပုံငွေဖြင့် ဝယ်ယူထားသည့် တရုတ်နိုင်ငံ ထုတ် အောက်ဆီဂျင်စက်သည် မူဆယ်မြို့၊(၁၀၅)မိုင်ယာဉ်စစ်ဆေးရေးဂိတ်မှတဆင့် ဝါးခယ်မမြို့သို့ ယမန်နေ့ ညနေ(၆)နာရီကရောက်ရှိလာကြောင်းသိရသည်။
၎င်းရောက်ရှိလာသော အောက်ဆီဂျင်စက်အား အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဦးဆောင် ဆရာတော် ဘဒ္ဒန္တဇဝန အမှူးပြုသော သံဃာတော်(၉)ပါး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ အဖွဲ့ ဝင်(၁) ဗိုလ်မှူး မင်းထွဋ်၊ အတွင်းရေးမှူး ရဲမှူးအေးလွင်နှင့် တာဝန်ရှိသူများက စိစစ်၍ အောက်ဆီဂျင်စက် တင်ဆောင်လာသည့်ကုန်တင်ယာဉ်အား“ရွှေယာမြေ” လယ်ယာသုံး ပစ္စည်း အရောင်းပြခန်း ရှေ့တွင်ယာယီ ထိန်းသိမ်းထားရှိကြောင်း၊ ရာသီဥတု၊ လူအင်အား၊ ဝန်တင် စက်အခက်အခဲများကြောင့် အရောင်းပြခန်း အတွင်းသို့ထည့် သွင်းသိမ်းဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် အောက်ဆီဂျင်စက် (Oxygen Genarator, Model NTFO- 50) အမျိုးအစားသည် ကာလတန်ဖိုးငွေကျပ်(၁၁၀၀) သိန်းရှိပြီး တစ်နေ့ထုတ်လုပ်နိုင်မှု (၄၀)လီတာ အိုး (၂၀၀)လုံး ထုတ်လုပ်နိုင်ကြောင်းသိရသည်။ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ထားရှိမည့် အလျား(၆၀)ပေ၊ အနံ(၅၀) ပေ၊ အမြင့် (၁၇)ပေ သံကူကွန် ကရစ်(၁)ထပ်အဆောက်အဦအား ရွာလယ်ရပ်ကွက်၊ မြို့ပါတ်လမ်း၊ “ရွှေခယ်ဧရာ” အဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်းတွင် ကိုယ့်အားကိုယ်ကိုးရန်ပုံငွေဖြင့် “အောင်ဇေနိုင်”ကုမ္ပဏီက ဇူလိုင်လ ၁၈ ရက်မှစ၍ တည်ဆောက် လျက်ရှိရာ (၂၅)ရာနှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး