ကော့သောင်း သြဂုတ် ၁၃
ကူးစက်မှုမြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချမှုရှိမရှိ ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အစားအသောက်ရောင်းချသည့် ဆိုင်များအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက် ဖြတ်တောက်နိုင်ရေး ပါဆယ်စနစ်ဖြင့်သာ ရောင်းချမှုရှိ/မရှိအား လိုက်လံစစ်ဆေးခြင်း ဖြစ်ပြီး သတ်မှတ်စည်းကမ်း ဖောက်ဖျက်မှုများတွေ့ရှိပါက သဘာဝဘေးဆိုင်ရာ ဥပဒေများဖြင့် အရေးယူမှုခံရမည်ဖြစ်ကြောင်း အသိပညာပေး နိုးဆော်မှုများကို ကွင်းဆင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ လက်ဘက်ရည်ဆိုင် အပါအဝင် အိမ်ဆိုင်များနှင့် အခြားအစားအသောက် ရောင်းချသည့်ဆိုင်ပေါင်း ၂၅၃ ဆိုင်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစားအသောက်များ ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ညီညွတ်မှုရှိစေရေး ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)