အောင်လံမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Stay at Home ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အောင်လံ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု များလာ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Stay at Home အမိန့်ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက်ပိုင်းက မြို့အဝင်/အထွက် ဂိတ်များနှင့် မြို့တွင်းလှည့်လည်၍ မြို့တွင်းလမ်းဆုံလမ်းခွများတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

အဆိုပါကွင်းဆင်း စစ်ဆေးရာတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ ပြည်သူများအား တစ်အိမ်လျှင် (၁)ဦးသာ သတ်မှတ်ချိန်ဖြစ်သည့် နံနက်(၀၄:၀၀)နာရီမှ (၁၀:၀၀)နာရီ အတွင်းသာ နေအိမ်ပြင်ပသို့ ထွက်ခွါရန်နှင့် ထွက်ခွါစဉ် ပါးစပ်/နှာခေါင်းစည်း Mask တပ်ရန်၊ ဆေးရုံ/ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် (၂)ဦးသာ သွားရောက်ရန်၊ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့်သာ သွားလာဆောင်ရွက်ရန် အစိုးရဌာနတာဝန်ထမ်းဆောင်သူများကို သာ ရပ်ကွက်/ကျေးရွာ ကျော်လွန်သွားလာခွင့်ပြုရန်တို့ကို နေ့စဉ်အသိပညာပေး လှည့်လည်ကြေညာခြင်း၊ လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် နေ့စဉ်တစ်နေ့(၂)ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)