ယင်းမာပင်မြို့နယ်တွင် ပျိုးသက်နုကောက်ကွက်ကျဲ(SRI) နည်းစနစ်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး

ယင်းမာပင်    ဩဂုတ်  ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက် အား စပါးအစမ်းဖွင့်စိုက်နည်းစနစ် (SRI) ဖြင့် စိုက်ပျိုးခြင်းကို ယနေ့နံနက် ( ၉ ) နာရီ အချိန်က   ကွင်းအမှတ် ၈၆၈ (ခ) ငါးမောင်းကျေးရွာ တောင်သူဦးနေအောင်၏စိုက်ကွင်းတွင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

  ''SRI နည်းစနစ်နဲ့ စိုက်ပျိုးရာတွင် တစ်ဧကအနေနဲ့ဆိုရင် နို့ဆီဗူး (၁၀) လုံးခန့် နဲ့စိုက်ပျိုးပါတယ်၊စိုက်ပျိုးတဲ့နေရာမှာ တန်းကြားပင်ကြား (၁၀×၁၀) လက်မပတ်လည် အနည်းဆုံး ထားစိုက်ပျိုးရပါတယ် ၊ပျိုးပင်များကိုလည်းအလွယ်တကူ ရွှေ့ပြောင်းစိုက်ပျိုး နိုင်ပြီးတော့ SRI စိုက် နည်းနဲ့စိုက်ပျိုးခြင်းအားဖြင့် မျိုးဖိုးကုန်ကျစရိတ်လည်းသက်သာတယ် ၊ ပင်ပွားထွက်ရှိမှုများတဲ့ အတွက်လည်း အထွက်နှုန်းပိုတိုးတာပေါ့ ၊ ကိုယ်ပိုင်မျိုးစေ့တွေကိုလည်းထုတ်ယူနိုင်တယ်  ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူများကို နည်းပညာ ၊မျိုးစေ့နဲ့သွင်းအားစုများ၊ စိုက်ပျိုး စရိတ်များကိုလည်း ကူညီထောက်ပံ့ပေးပါတယ်၊   SRI စိုက်နည်းစနစ်မှာ ရေကို အမြဲဖုံးလွှမ်းနေစရာ မလိုပဲနဲ့ အစိုတစ်လှည့် အခြောက်တစ်လှည့်စီပြုလုပ်ထားပေးရတာပေါ့၊ SRI စိုက်နည်းမှာဆိုရင် အော်ဂဲနစ်မြေဩဇာ အသုံးပြုရတာဖြစ်တဲ့အတွက် အပင်များကျန်းမာကြံ့ခိုင်ပြီး ပိုးမွှားရောဂါ ကျရောက်မှုနှုန်းလည်းလျော့နည်းစေပါတယ်၊ ရေအတွက်ကတော့ ရေအများကြီးမသုံးရတဲ့အတွက် ချွေတာနိုင်တယ်၊ မြေအောက်ရေသုံးတဲ့အခါမှာ မြေပျက်စီးမှုကိုလည်း ကာကွယ်နိုင်တယ် ၊ အဲဒါတွေကြောင့် SRI စိုက်နည်းစနစ်ကိုအသုံးပြုပြီး စိုက်ပျိုးသင့်ပါတယ်  '' ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်ခင်မာချိုက ပြောသည်။

ယင်းမာပင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက(၃၀၇၀၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ယနေ့အထိ မိုးစပါစိုက်ဧက ( ၁၈၇၈ ) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ (SRI) နည်းစနစ်ဖြင့် စိုက်ပျိုးဧက (၁၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုးမိုး