လှိုင်းဘွဲမြို့နယ်တွင်  ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ကျေးရွာများအရောက် လိုက်လံနှိုးဆော်

လှိုင်းဘွဲ   ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက  အသံချဲ့စက်ဖြင့်  ကျေးရွာများအရောက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါလိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့နှင့်ပူး‌ပေါင်း၍ ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသခံယူရန် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)