ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်နေမှု ပြန်လည် လျော့နည်းကျဆင်းလာ

ပွင့်ဖြူ      ဩဂုတ်    ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက်  ရေပိုလွှဲမှ ရေကျော်နေမှု ပြန်လည်လျော့နည်းကျဆင်းလာကြောင်း  အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု များရှိခဲ့ပြီး ဩဂုတ်(၁၁)ရက်နေ့က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၇ ပေ ခန့်ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တမံအတွင်း မိုးရေဝင်ရောက်မှု လျော့နည်းသွားသဖြင့် တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ၂ ဒသမ ၃ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ကြောင်း သိရကာ အဆိုပါ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။  

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ ပြီးခဲ့တဲ့ရက်တွေက အထက်ပိုင်းဒေသ မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတွေ ရှိခဲ့ပြီး တမံရဲ့ ကန်ရေပြည့်အမှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ ရေကျော် ကျမှုတွေ ရှိခဲ့ပါတယ်။ ဩဂုတ်(၁၁)ရက်နေ့က တမံရေပိုလွှဲကနေ ၂ ဒသမ ၇ ပေခန့် ကျော်ကျခဲ့ပြီးတော့  မနေ့ကစပြီး မိုးရေဝင်ရောက်မှု လျော့နည်းသွားခဲ့လို့ တမံရေပိုလွှဲကနေ ရေကျော်မှု တစ်ဖြည်းဖြည်းကျဆင်းသွားပါတယ်။ ဒီနေ့မနက် (၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၂ ဒသမ ၃ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ပါတယ်။ ဒါကြောင့် တမံအောက်ဘက်ရှိပြည်သူတွေ အနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ ဝန်ထမ်း တွေလည်း တမံရေဝင်မှုအခြေအနေကို အမြဲစောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ထူးခြားမှု ရှိလာပါက ‌ဒေသခံပြည်သူတွေကို အချိန်နဲ့ တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် က ပြောကြားသည်။

ရဲဝင်းနိုင် ( ညောင်ဦး )