အင်းတော် ၊ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အင်းတော်မြို့ အခြေခံ ပညာ အထက်တန်းကျောင်း ( အင်းတော် ) တို့ ပူးပေါင်း၍ တစ်ပိုင်တစ်နိုင် အိမ်တွင်းဥယျာဉ်ခြံ ( Home Garden ) စိုက်ပျိုးနည်းများ လက်တွေ့ပြသဆောင်ရွက်ခြင်းနှင့် မျိုးစေ့များ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကုစားရေးအစီအစဉ်အရ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများရှိ မြေလွတ် မြေလပ်နေရာများတွင် ယခုကဲ့သို့ အိမ်တွင်းဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ မျိုးစေ့များ ထောက်ပံ့ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်တွင်းဥယျာဉ်ခြံများကို စိုက်ပျိုးထား ရှိသည့် အတွက် လတ်ဆတ်သော ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ခြင်း၊ မိသားစု စားစရိတ် အား ထောက်ပံ့ ပေးနိုင်ခြင်း၊ လတ်ဆတ်၍ ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စားသုံး သည့် အတွက် မိသားစု အနေဖြင့် ကျန်းမာရေး အတွက် အထောက်အပံ့ပေးနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ကျေးရွာ အတွင်းရှိ စာသင်ကျောင်းများအပြင် မိမိပိုင်ခြံဝင်းများ အတွင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ဌာနအနေဖြင့် နည်း ပညာအကူအညီများ ပေးအပ်နိုင်ရေး အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အင်းတော် မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
အဆိုပါ အဖွဲ့အနေဖြင့် အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ( အင်းတော် ) ကျောင်းဝင်းအတွင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနွဲ့နှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ စုပါင်း၍ ကျောင်းဝင်းအတွင်း စိုက်ပျိုးဘောင်များ ပြုလုပ်ခြင်း၊ စိုက်ပျိုးဘောင် များအတွင်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ ပေးအပ်ခြင်း၊ ရေဖြန်းပုံးများ ပေးအပ်ခြင်း၊ သီးပင်စားပင်များ စိုက်ပျိုးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ(မြို့နယ် ပြန်/ဆက်)