မုံရွာ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် မုံရွာမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားရာ မုံရွာခရိုင် အတွင်းမုံရွာမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေသဖြင့် Stay At Home အစီအစဉ် ကာလ သတ်မှတ်ထားသော်လည်း ပြည်သူများနေအိမ်ပြင်ပထွက်ရှိမှု များပြားနေသဖြင့် ထိန်းချုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများ ကျန်ရှိမှုမရှိအောင် စနစ်တကျထိုးနှံပေးရန်နှင့် စံပြခရိုင်စံပြမြို့ဖြစ်လာစေရေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများသည် အဓိက အခြေခံအကျဆုံးဖြစ်သဖြင့် ပိုမိုကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက်ကြရေး၊ ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွါခွင့်လက်မှတ်များဖြင့် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်း ခွင့်ပြုထုတ်ပေးရာတွင် စာရင်းပြုစုထားရန်နှင့် ပြည်သူများ အခက်အခဲမရှိစေရေး၊ ပြည်သူများအနေဖြင့့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ မြို့အဝင် အထွက်ဂိတ်များ ဖွင့်လှစ် စစ်ဆေးဆောင်ရွက်ရာတွင် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အလေးအနက်ထား ဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ သိရှိအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှတဆင့် လှည့်လည်ကြော်ငြာပေးရန် စသည်တို့ကိုဆွေးနွေး မှာကြားပါသည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဆောင်ရွက် နေသည့်လုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်သည့်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက တက်ရောက်လာသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်း(မုံရွာ)