မြစ်ကြီးနား သြဂုတ် ၁၂
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှုအား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအ နားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အမြန်ဆုံးနည်းလမ်းဖြင့် ပြတ်ပြတ်သား ထိန်းချုပ်တိုက်ထုတ်ဖို့ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ယခုသင်တန်းသည် ပြည်နယ်အသင်းရှိ အဖွဲ့အစည်းအသီးသီး၊ လူမှုအသိုက်အဝန်း အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တွင် မှန်ကန်ပြီးစနစ်ကျသည့် ကြိုတင်ကာကွယ်မှုအစီအမံတွေကို လေ့ကျင့်သင်ကြားပေးခြင်း၊ အသိပညာပေးခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်များကို မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ မြစ်ကြီးနားရုံး တာဝန်ခံကိုယ် စားလှယ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ကြမည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့အသီးသီးတို့မှ စေတနာ့ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ပူးပေါင်းပြုစု ထုတ်ဝေ ထားသည့် စေတနာ့ဝန်ထမ်းလက်စွဲ စာအုပ်ပါ တုံ့ပြန် ဆောင်ရွက်ရမည့် အချက်များအပါအဝင် ကိုဗစ်-၁၉ ရော ဂါနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် နောက်ဆုံးရ အချက်အလက်များ၊ ကိုဗစ်-၁၉ အတည်ပြု လူနာများပြုစုစောင့်ရှောက်ရာတွင် စနစ်တကျစီမံခန့်ခွဲ၍ ကြိုတင် ကာကွယ်ဆောင်ရွက်သွားရမည့် အချက်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ လူဦးရေ ၃၅ ဦးတက်ရောက်သည့်အပြင် Online မှ တက်ရောက်သူ ၇၀ဦး ကျော်ဖြင့် (၂)ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်