မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး          ဩဂုတ်         ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မင်းဘူးခရိုင် အတွင်း လက်ရှိဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် မင်းဘူးခရိုင်အနေဖြင့် မြို့နယ်ပေါင်း (၅)မြို့နယ်၌ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း မြို့နယ်များက ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ် ကြောင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း အပြီးထိုးနှံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုထိုးနှံပြီးစီးသူများကို ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ရာတွင်လည်း အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်နေရာများကို တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဒုတိယအကြိမ်ထိုးနှံရာတွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်းမှ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများကို ကုသပေးနေမှုများနှင့် လက်ရှိ Oxygen ရရှိသုံးဆွဲနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ Treatment Center များတွင် ကြီးကြပ်ဆောင်ရွက်နေသူများက ယခုလက်ရှိ Center များတွင် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေတင်ပြကြရာ တင်ပြလာမှုအပေါ် ခရိုင်ကော်မတီ ဥက္ကဋ္ဌ မှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး Stay at Home ကာလ စစ်ဆေးကြပ်မတ်ရေးလုပ်ငန်း များနှင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ပူပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်  ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)