ဖြူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေး သူတိုင်းအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိရာယနေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၄၅၅၀)ဦး ကျော် ထိုးနှံပြီးစီးခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဇူလိုင်လ(၃၁)ရက်နေ့မှ စတင်ကာ ရဟန်း သံဃာတော် သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂိလိက ကျန်းမာရေးဝန်ထမ်း၊ Volunteer ပရဟိတအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂိလိကဘဏ်/စက်ရုံ အလုပ်ရုံ/ ပို့ဆောင်ရေးလုပ်ငန်းဝန်ထမ်းများအား မြို့တော်ခန်းမ(ဖြူးမြို့နယ်)၊ အောင်တော်မူ ခန်းမ (ကညွတ်ကွင်းမြို့)၊ ဂျေပူအထက(ဇေယျဝတီမြို့)တို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားကာ အမည်စာရင်းကောက်ယူခြင်း၊ ကျန်မာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လိုအပ် သည့် ဆေးစစ်ဆေးမှုများပြုလုပ်ကာ တရုတ်နိုင်ငံမှထုတ်လုပ်သော Sinopharm ဆေး အမျိုးအစားကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုးနေလျက်ရှိပြီး ယနေ့ထိ(၁၀၉၂)ဦး၊ သေဆုံးသူမှာ(၆၅)ဦးအထိရှိနေကာ လက်ရှိအခြေအနေအရ ဆေးကုသရေးCenterများတွင် (၈၇)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသူ(၉၄၀)ဦး ရှိနေကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင်