တနိုင်း ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းများကို ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခြင်းနှင့် တနိုင်းမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၈) ဦးတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ (၉) နာရီခွဲမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က တနိုင်းမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၈) ဦးတို့အတွက် ကြက်ဥ၊ ပေါင်မုန့်၊ ရေသန့်များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်ဦးထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
တနိုင်းမြို့နယ် ကိုဗစ်- ၁၉ ဆိုင်ရာလုပ်ငန်းများကို ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဌာနဆိုင်ရာများ နှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခြင်းအခမ်းအနားကို ညနေ မွန်းလွှဲ (၂) နာရီအချိန်တွင် ဆက်လက်ကျင်းပရာ အဆိုပါအခမ်းအနားတွင် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးမှ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးနှင့် ဖြစ်ပေါ်လာရသည့် အကြောင်းအား အကျယ်တဝင့် ဆွေးနွေး တင်ပြခဲ့သည်။
မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ဆိုင်ရာလုပ်ငန်းများကို ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် တနိုင်းမြို့ နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုး၊ ဟူးကောင်းမြေအောက်စီဂျင်လူမှူကူညီရေးအသင်း(ကိုယ်စား) (သင်္ဂီရွှေစင်ရွှေဆိုင်)မှ ဦးဇော်ဇော်ထက်၊ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်ဂျာဖာလု၊ မေတ္တာရှင်နာရေးကူညီမှုအသင်း (အောင်စိုးမိုးကိုယ်စား)ဥက္ကဋ္ဌ ဦးသိန်းဖေ၊ တနိုင်းမြို့နယ် သူရိယပန်းတိုင် နာရေးကူညီရေးအသင်း ကိုယ်စားကိုသူရကျော်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ဗိုလ်မှူးတေဇာအောင်၊ ဦးဇော်လွမ်းတူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မြိုင် တို့က အသီးသီးထောက်ပံ့ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးအုပ်စုအုပ်ချုပ်ရေးမှူး များအား Mask တစ်ဗူးစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဆက်လက်ပြီး မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များမှ လီဒိုလမ်းမကြီးဘေး မြို့မရဲစခန်းရှေ့ မိုင်းခွန်သွားလမ်းထောင့်တွင် ပြည်သူများအား Mask စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ကြပြီး Mask ခုရေ (၅၀၀) ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရှိရသည်။
ဝါဝါ