ကျွန်းလှမြိုနယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အား စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI)ဖြင့် စိုက်ပျိုး

ကျွန်းလှ ဩဂုတ်   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အားအထွက် နှုန်းကောင်းပြီး ကုန်ကျစရိတ် သက်သာသော စပါးအစွမ်းဖွင့် စိုက်နည်းစနစ်(SRI)ဖြင့် စိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 “SRI စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကမျိုးစေ့ နို့ဆီဗူး (၁၀)လုံးခန့် ကုန်ကျ၍ မျိုးဖိုးစရိတ် သက်သာကြောင်း၊ ပျိုးထောင်ရာမှာ မိမိတို့နေအိမ်ဝင်းအတွင်းနှင့်တလင်းပြင် နေရာမျိုး၌ ပျိုးထောင်နိုင်ပြီး အလွယ်တကူ ပြောင်းရွေ့စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင်တန်းကြားပင်ကြား(၁၀)လက်မ ပတ်လည် အနည်းဆုံးထား သင့်ကြောင်း၊ အခြောက်ခံ စနစ်ကို ကျင့်သုံးသည့်အတွက် ရေအသုံးပြုမှု လျော့နည်းခြင်း၊ ကျန်းမာ သန်စွမ်းသော အပင်ဖြစ်ခြင်း၊ ပင်ပွားထွက်ရှိမှုများခြင်းကြောင့်အထွက်နှုန်း တိုးခြင်း၊ ကိုယ်ပိုင် မျိုးစေ့ထုတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီ  ကပြောကြားသည်။

 “ဒီနှစ် မိုးစပါး မျိုးစေ့စံပြကွက်ကို SRI စိုက်နည်း စနစ်ဖြင့် ဧရာမင်း မျိုးစပါး(၄)ဧက စိုက်ပျိုးပါတယ်။ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာ၊ မျိုးစေ့ နဲ့သွင်းအားစုများ ကူညီထောက်ပံ့ ပေးပါတယ်။ ပျိုးထောင်ရာမှာ မြေ၊ အရင်းအနှီး၊ လုပ်အားခ ကအစသက်သာပါတယ်။ ရေအကန့်အသတ်ရှိ တောင်သူ များ အထွက်နှုန်း ကောင်းပြီး အမြတ်အများဆုံး ရရှိနိုင်တဲ့အတွက် SRI နည်းစနစ် အသုံးပြုပြီး စိုက်ပျိုးသင့် ပါတယ်” ဟု ကြာတကန် ကျေးရွာ တောင်သူ ဦးမောင်ငြိမ်းကပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးစပါး ၃၄၈၉၅ ဧက စိုက်ပျိုးရန် လျာထားပြီး၊ ယနေ့အချိန် အထိ ၁၆၈၀၃ ဧက စိုက်ပျိုးပြီးကြောင်း၊ SRI စိုက်နည်း စနစ်ဖြင့် ၁၈ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)

 

ဖုန်း09256063006