မော်လိုက် သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ် ရွက်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက တောင်တစ်လုံးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပိဏ္ဍောလထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပင့်သံဃာတော် (၁၁)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များထံမှ အနုမောဒနာ ရေစက်ချတရားနာ ယူကြည်ညိုခဲ့ကြသည်။
ယင်းနောက်ဆရာတော် သံဃာတော်များက မော်တော်ကားဖြင့် မြို့အတွင်းသို့ အန္တရာယ် ကင်း ပရိတ်တရားတော်များ လှည့်လည်ရွက်ဖတ်ပူဇော်ပေးခဲ့ကြသည်။
အဆိုပါ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပင့်သံဃာ တော်များအား သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်ခြင်းအပြင် မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းများအတွက် တစ်ကျောင်းလျှင် ဆွမ်းဆန်တော် တစ်အိတ်၊ ဆီ(၅)ပိဿာဝင်ပုံး တစ်ပုံးကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လှူဒါန်းမှုစုစုပေါင်းမှာ (၁၆၈၅၀၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး