စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင်ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော်ဆောင်ရွက်နေ

ကောလင်း သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ရှိကျေးရွာ( ၆ )ရွာကို နိုင်ငံတော်က ချမှတ် ထားသောကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှုအစီအစီအရ ကျေးလက်နေမိသားစုများဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီး  မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ငွေစီမံကိန်း Village Revolving Fund Project (VRFP)ရန်ပုံငွေကျပ်သိန်းပေါင်း၁၇၀၀နဲ့ အကောင်အထည် ဖော်ရွက်ပေးနေ လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မီမီအောင်ထံမှသိရသည်။

ထိုကဲ့သို့ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးအစား သုံးမျိုး ခွဲခြားပြီး(Type-1)မှာအိမ်ခြေ ၁၀၀ သိန်း ၃၀၀ဖြင့်လည်းကောင်း၊ (Type-2)မှာအိမ်ခြေ ၅၁နှင့်၁၀၀ကြား ကိုသိန်း ၂၀၀ ဖြင့်လည်းကောင်း၊(Type-3)အား အိမ်ခြေ ၅၀အောက်ကို သိန်း၁၀၀ သတ်မှတ် ထား ကြောင်း သိရသည်။

အဆိုပါကျေးရွာမတည်ရန်ပုံငွေများအား ကွင်းဆင်းပေးအပ်ရာ၌ သြဂုတ်(၁၀)ရက်နေ့တွင် အိမ်ခြေ (၁၀၀) သိန်း၃၀၀နှင့် ရေကန်သာအုပ်စုအိမ်ခြေ ( ၅၁)အထက်ရှိသော လွှဲမောက်ကျေးရွာတို့အား ငွေကျပ် သိန်း၂၀၀အားလည်းကောင်း၊သြဂုတ်(၁၁)ရက်နေ့တွင် အိမ်ခြေ (၁၀၀)အထက်ရှိသော ဝါးသီး ကုန်း အုပ်စု၊ ပေါက်တောကျေးရွာနှင့်တောင်ဘို့လှအုပ်စု၊တောင်ဘို့လှကျေးရွာတို့အား ကျပ်သိန်း ၃၀၀တို့အား ထုတ်ပေးပြီးဖြစ်သည်။

ကျန်ရှိနေသည့်အိမ်ခြေ(၁၀၀)အထက်ရှိသော ကျွန်းတောအုပ်စု၊ ကန်ပေါက်ကြီးရွာနှင့် ကျောက်ပြင်သာ အုပ်စုရှိသဲချောင်းကျေးရွာတို့အားလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျေးရွာမတည်ငွေစီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ အတိုးနှုန်းအား သုံးလတစ်ကြိမ် ပေးသွင်းရ မည် ဖြစ်ပြီး၊ အရင်းကိုတစ်နှစ်ပြည့်သောအခါ ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း အတိုးငွေအား စီမံကိန်း ပထမနှစ်အနေဖြင့် ငွေ၁၀၀ကျပ်အတွက်တစ်လကို၅၀ပြားနှုန်းနှင့် သက်မှတ်ထားပြီးစီမံကိန်း၏ ဒုတိယ နှစ်တွင် ကော်မတီဝင်များနှင့်အသင်းဝင်များသဘောတူညီမှုဖြင့် အတိုးငွေ ၁၀၀ကျပ်အတွက် တစ်လ ကို ၅၀ပြားနှုန်းမှ၁ကျပ်၅၀ပြားနှုန်းအထိသတ်မှတ် ခွင့်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)