အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်းကူညီ ဆောင်ရွက်နေသူများ၏ စကားသံများ

အမ်း    ဩဂုတ်    ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်အတူပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့၊ စေတနာ့ဝန်ထမ်း (Volunteer) များ၏ ရင်တွင်းက စကားသံများကိုတွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါတယ်။

ဦးကိုကိုသက်

စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့(ဥက္ကဋ္ဌ)

မြို့နယ်ကြက်ခြေနီအသင်းခွဲ (ဥက္ကဋ္ဌ)

အမ်းမြို့နယ်

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဘယ်လိုပူးပေါင်းကူညီဆောင်ရွက်ပေးပါသလဲရှင့်။

ဖြေ။    ကျွန်တော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ (ပ+ဒု)လှိုင်းတွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှ အမ်းမြို့နယ်ကိုပြန်လာချင်သူတွေကို မော်တော်ကားများ စီစဉ်ဆောင်ရွက်ပြီး ခေါ်ယူပေးခြင်း၊ ယခုတတိယ ကိုဗစ်လှိုင်းမှာ ကူးစက်မှုမြင့်မားတဲ့အတွက် သက်စွန့်ဆံဖျားနဲ့ ကိုယ်တိုင်လည်းမကူးစက်ရအောင်ဆောင်ရွက်ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေမှာ ဩဂုတ်လ(၂)ရက်နေ့မှ (၆)ရက်နေ့ထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ကာကွယ်ဆေးထိုးမည့်အသက်(၆၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်၍ မော်တော်ကားဖြင့် ခေါ်ယူပို့ဆောင်ပေးခြင်း၊ ကာကွယ် ဆေးထိုးတဲ့နေရာထိကူညီပို့ဆောင်ခြင်းများကိုဆောင်ရွက်ပေးခဲ့ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြား လိုပါသလဲရှင့်။

ဖြေ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအနေနဲ့ အမ်းဒေသက သွားလာရတာ ခတ်ခဲတယ်၊ အင်မတန်ကျယ်ဝန်းတဲ့အတွက် လူနာတင်ကားတွေမရှိပါဘူး၊ PPE ဝတ်စုံတွေ ခတ်ခဲမှုရှိတဲ့အတွက် သက်ဆိုင်ရာဌာနတွေလည်း တင်ပြတောင်းခံပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို သက်ဆိုရာတာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဦးချစ်ဇော်ဝင်း

စေတနာ့ဝန်ထမ်း(Volunteer)

ဈေးတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး

အမ်းမြို့နယ်

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ကာကွယ်ဖို့မှာ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်မှုကို သိချင်ပါတယ်ရှင့်။

ဖြေ။   ကျွန်တော်ကတော့ ဈေးတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ကိုထမ်းဆောင်နေတဲ့အပြင် စေတနာ့ဝန်ထမ်း(Volunteer)တာဝန်ယူပြီး ပြည်သူလူထုနဲ့ အစိုးရကြား ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများသိရှိရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို နိုးဆော်ပေးခြင်း၊ ရပ်ကွက်မှာ အဓိကဝင်ပေါက်တွေကို မောင်းတံဂိတ်ဆောင်ရွက်၍ လက်ဆေးရန် ဆောင်ရွက်ပေးခြင်း၊ Mask တွေမျှဝေပေးခြင်း၊ရပ်ကွက်ထဲ ဝင်/ထွက်ဖြတ်သန်း သွားလာပါက Mask တပ်ဆင်ပြီးမှ သွားလာကြဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက် ပါသလဲရှင့်။

ဖြေ။    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေမှာအသက်(၆၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများထံ တစ်အိမ်တက်ဆင်းသွားရောက်၍  ကာကွယ်ဆေးထိုးဖို့အသိပေးတိုက်တွန်း ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ရာခိုင်နှုန်းများစွာကာကွယ်နိုင်ကြောင်း မိဘပြည်သူများကို အသိပေးရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရ၏စီမံချက်နဲ့ ကာကွယ်ဆေးတွေကို တန်ဖိုးထားပြီးထိုးနှံပေးကြဖို့ တိုက်တွန်းပေးသလို အကျိုးရှိအောင်ကာကွယ် ဆေးလာ ရောက်ထိုးနှံသူတွေက ဝေးလံပါကသွားရောက်ခေါ်ဆောင်ပေးခြင်း၊ ဆေးထိုးနှံမည့်သူများ အားတွဲခေါ်ပေးခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

မေး။   ပိုးတွေ့လူနာများနှင့် ကျန်းမာရေးဌာနကြားမှာ ဘယ်လိုကူညီဆောင်ရွက်ပေးပါသလဲရှင်။

ဖြေ။    ပိုးတွေ့လူနာများကို ကျွန်တော်က ကိုယ်ပိုင်ကားဖြင့်(အခမဲ့) သွားရောက်ခေါ်ဆောင်ပြီး မြို့နယ်ကျန်းမာရေးဌာနကို ပို့ဆောင်ပေးပါတယ်။ သွားရောက်ခေါ်ဆောင်တဲ့အခါကျွန်တော် အနေနဲ့လည်း  ကျန်းမာရေးဌာနကထောက်ပံ့သည့် PPE ဝတ်စုံဝတ်ပြီး ပိုးသတ်ဆေးရည် ဖျန်းဆောင်ရွက်ရပါတယ်။ ပိုးတွေ့လူနာများ သယ်ဆောင်ပေးတာ ကျွန်တော်အနေနဲ့ လူဦးရေ(၃၀)ကျော်ပါပြီ၊ သာမန်လူနာတွေကိုလည်း သယ်ဆောင်၍ပို့ဆောင်ပေးခဲ့ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တွေ့ကြုံရမှုတွေကိုပြောပြပေးစေ လိုပါတယ်။

ဖြေ။    ကျွန်တော်က ပြည်သူတွေကိုမှာချင်တာ အဓိကစည်းကမ်းရှိပြီး Mask ကို စနစ်တကျ တပ်ဆင်ပေးပါ။ လိုအပ်၍ အပြင်ထွက်ပြီးပြန်လာပါက လက်ဆေးပါ။ ကျွန်တော်ဆို ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ မိသားစုနဲ့ခုကာလခွဲနေရပါတယ်။ Mask တပ်၊ လက်သန့် ဆေးရည်ဆောင်၊ မလိုအပ်ဘဲအပြင်မထွက်ပါ။

မေး။   အခြားဖြည့်စွက်ပြောကြားလိုမှုရှိပါက ပြောကြားပေးပါရှင်။

ဖြေ။    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျွန်တော်တို့မြို့မှာ လူမှုကူညီရေးအဖွဲ့အများကြီးရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ သယ်ဆောင်တဲ့အခါ မော်တော်ယဉ်ကားလိုအပ်ပါတယ်။ ကျွန်တော်က ပရဟိတ စိတ်ရှိတဲ့အတွက် အိမ်ကကားကို စိုက်ထုတ်ပြီး သယ်ဆောင်ပေးနေတာပါ။ ပိုးတွေ့လူနာတွေ သယ်တဲ့အခါ အပြင်ကားတွေက အခုအချိန်မှာ ငှားရမ်းဖို့မလွယ်ပါဘူး။ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ Mask ကို စနစ်တကျ တပ်ဆင်ပေးပါ၊ လက်ဆေးပါ၊ ကာကွယ်ဆေးကိုလည်းထိုးနှံပေးကြဖို့တိုက်တွန်းချင်ပါတယ်။

ဒေါ်ယွန်းယုအောင်

အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့(ANGYA)

အမ်းမြို့နယ်

မေး။   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အမ်းမျိုးဆက်သစ် လူငယ်အဖွဲ့အနေနဲ့ ဘယ်လိုပူးပေါင်းကူညီဆောင်ရွက်ပေးနေပါသလဲရှင်။

ဖြေ။ ကျွန်မတို့ အမ်းမျိုးဆက်သစ် လူငယ်အဖွဲ့အနေနဲ့ အများအားဖြင့် လူငယ်များဖြင့်စုစည်း၍ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖြစ် အသိပညာပေးလက်ကမ်းစာစောင်၊ Mask Champaign တွေပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလက်ရှိမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ နေထိုင်ရာအိမ်များသို့ အဓိကထားပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။   အခြားဖြည့်စွက်ပြောကြားလိုမှုရှိပါက ပြောကြားပေးပါရှင်။

ဖြေ။    ကိုဗစ်-၁၉ ကူစက်မှုလျှော့ချနိုင်ရေး ပပျောက်သွားသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့လိုအပ်တဲ့အပိုင်းမှာ ဆက်လက်ဆောင်ရွက်ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားချက်များကို Online သတင်းအချက်အလက်များကိုနားထောင်၍ စည်းကမ်းနှင့်အညီ နေထိုင်ကြဖို့၊ ပိုးတွေ့လူနာများ၏ အိမ်သားများအနေဖြင့် မိမိတို့ အိမ်သားအချင်းချင်း Mask တပ်ထားရန်၊ သီးခြားခွဲ၍နေကြဖို့လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဌာနချည်း ဆောင်ရွက်နေလို့မရပါဘူး။ မိမိကအစ ပြည်သူများအား လုံးပူးပေါင်း၍ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဝင်းအိမွန်(ပြန်/ဆက်)

ဓာတ်ပုံ - စိုးမင်းထွန်း(ပြန်/ဆက်)