ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၄)ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ပွင့်ဖြူ   ဩဂုတ်    ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း(VDP) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၁၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ တောင်အင်းကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ မဲဇလီကျေးရွာ၊ အင်းဒေါင်းကျေးရွာ၊ ရွာသာကြီးကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကုန်းဇောင်းကျေးရွာ၊ ပေတော(မ) ကျေးရွာ၊ သရက်တောကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ဆည်မုန်း ကျေးရွာတို့တွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်း(၁၂)ခုနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၂)ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီမှ တာဝန်ယူ၍ ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပြီး မေလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ပြောပြချက်အရ သိရသည်။

ယခုအခါ နိုင်ငံတော်မှ ထောက်ပံ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း (VDP) ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၁၄)ရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၄)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယင်းကျေးရွာများရှိ အိမ်ခြေ ၃၄၇၁ မှ လူဦးရေ ၁၄၈၉၀ ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာ အကျိုးပြု နိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)