ဆားလင်းကြီး ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် သဘာ၀ ဘေးအန္တရယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်ဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ငွေသာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုက အမှာစကားပြောကြားရာတွင် ဆားလင်းကြီး မြို့နယ်တွင် သဘာ၀ ဘေးအန္တရာယ်များအနက် ရေဘေးအန္တရာယ်သာ ဖြစ်ပွားတတ်သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်အတွင်း ယခင်က ရေဘေးအန္တရာယ် ကျရောက်တတ်သော ချင်းတွင်းမြစ်ကမ်းနဘေးရှိ ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ရေဘေးအန္တရယ် ကြိုတင်သတိပေးခြင်း၊ ရေကင်းများချထားခြင်း၊ မြေစိုက်ပိုစတာများဖြင့် သတိပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကော်မတီဝင်များဖြင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် ရုတ်တရက် ရေဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြောင်ရွှေ့နိုင်ရန်အတွက် သတ်မှတ်နေရာ ရွေးချယ်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဟိန်းနိုင်က မြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ် ကျရောက်ခဲ့မှု အခြေအနေများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ သဘာ၀ဘေးအန္တရယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ဥမ္မာ