ငါးသိုင်းချောင်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အာယုပါလဆေးနှင့် သွေးအလှူတော် အဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း၊ ကျန်းမာရေးသုံး ပစ္စည်းနှင့် ဆေးဝါးများကို ဈေးနှုန်း ချိုသာစွာ အလွယ်တစ်ကူဝယ်ယူ အသုံးပြုနိုင်ရန် အဆိုပါအသင်းရုံး၌ ယနေ့နံနက်ပိုင်းက ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့အနေဖြင့် ဆေးဝါးနှင့်ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများကို တတ်နိုင်သ၍(အခမဲ့) လှူဒါန်းမှုပြုနိုင်သော်လည်း ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ကျန်းမာရေးပစ္စည်းနှင့် ဆေးဝါးများကို ဝယ်ယူအသုံးပြုရာတွင် ရေရှည်၌ အဆင်ပြေချောမွေ့၊ ဈေးနှုန်းသက်သာစွာ ဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အသက်သာဆုံးဈေးနှုန်းဖြင့် အဖွဲ့မှ ရှာဖွေစုဆောင်း ဆောင်ရွက်ပေးခြင်းဖြင့် အဆက်မပြတ် အကျိုးပြုဆောင်ရွက်ပေး နိုင်ရန်ဖြစ်ကြောင်း အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။
လတ်တလောအခြေအနေ၌ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိဌာန၊ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုတို့ စုပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့အနေဖြင့် အဆိုပါလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိသော စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့ တစ်ခုဖြစ်ကြောင်း သိရသည်။
စိုးမင်းဦး