ဝန်းသိုမြို့နယ်တွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်လျက်ရှိ

ဝန်းသို ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျူတောကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် VDP ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ဖြင့် ‌ ကျေးရွာလူထုလုပ်အား ပူးပေါင်း၍ ကျေးရွာဘက်စုံသုံး ခန်းမဆောင်ကို ၂၀၂၁ခုနှစ်၊ မေလ ၁၄ရက်နေ့မှ စတင်တည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ ခန်းမဆောင်မှာ အလျား ၅၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ခုံခံ သစ်သားတိုင်၊ သွပ်မိုးအမျိုးအစားဖြစ်ပြီး ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးချိန်တွင် လုပ်ငန်းအားလုံး၏ ၅၀ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လက်ရှိပကတိ အခြေအနေတစ်ခုမှ ဖွံ့ဖြိုးရေးသာလွန်ကောင်းမွန်သော အခြေအနေ တစ်ခုသို့ ပြောင်းလဲခြင်း အစီအစဉ် တစ်ခုဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development  Plan)ကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း ၉၅ ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၅ ရွာတို့၌ ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားစသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးရွာပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်