ပင်လည်ဘူး သြဂုတ် ၁၁
မေး= ပင်လည်ဘူးမြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်မှုနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ထားရှိမှုတွေကို သိပါရစေရှင့်။
ဖြေ= ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ပင်လည်ဘူးမြို့နယ်မှာ ဇွန်လနောက်ဆုံးပတ်ကနေ စဖြစ်တာပေါ့လေ ဒါကတော့ အခြားသောမြို့နယ်က ပြန်လာတဲ့ လူတွေကနေတစ်ဆင့် ကျွန်တော်တို့ မြို့နယ်မှာ စဖြစ်ခဲ့တယ်။ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်းမှာ တော်တော်များများဖြစ်ကြတယ်။ အခုလက်ရှိအနေအထားကတော့ ကျွန်တော်တို့ ကာကွယ်ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ အခုပိုးတွေ့လူနာ စုစုပေါင်း ၉၃ ယောက်ဖြစ်တယ်။ လက်ရှိအနေအထားကတော့ ဆေးရုံမှာ ၂ ယောက်ပဲကျန်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျန်းမာရေး ပြန်လည်ကောင်းမွန်လို့ ဆေးရုံဆင်းပြီးဖြစ်ပြီး ဆုံးရှုံးမှုကတော့ ၇ ယောက်ရှိပါတယ်။ ကိုဗစ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က တိုင်းအဆင့် ခရိုင်အဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီတွေက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်များနဲ့အညီ မြို့အဝင်/အထွက် ဂိတ်တွေမှာ စစ်ဆေးတဲ့ လုပ်ငန်းတွေလုပ်တယ်။ အသိပညာပေးတဲ့ လုပ်ငန်းတွေလည်း လုပ်ပါတယ်။ သံသယလူနာတွေကိုလည်း စနစ်တကျစစ်ဆေးပြီး ပိုးတွေ့လူနာ တွေကို စနစ်တကျ ကာကွယ်ကုသပေးပါတယ်။
မေး= မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မိမိတို့မြို့နယ်အတွင်း အောက်စီဂျင်လိုအပ်သော လူနာများရှိလာပါက အောက်စီဂျင်အလုံအလောက်ရရှိအောင် ဘယ်လို စီမံဆောင်ရွက်ထား ပါသလဲရှင့်။
ဖြေ= အောက်ဆီဂျင်က အရေးကြီးဆုံးပေါ့။ ကိုဗစ်ဖြစ်တဲ့လူနာ အသက်အရွယ်ကြီးရင့်သူတွေ နောက်ရောဂါအခံရှိတဲ့ ပုဂ္ဂိုလ်တွေက တော်တော်များများ ဆေးရုံတက်ကြရတယ်။ ဆေးရုံတက်ကြရာမှာ အောက်ဆီဂျင်က အရေးကြီးတယ်။ ကျွန်တော်တို့မြို့နယ်မှာ အောက်ဆီဂျင်ရရှိနိုင်တဲ့နေရာနဲ့က တော်တော်လေး အလှမ်းဝေးတဲ့နေရာဖြစ်တယ်။ အောက်ဆီဂျင်ရရှိအောင် ကျွန်တော်တို့က မန္တလေးတို့ မုံရွာတို့အထိ ဒီလိုဝေးကွာတဲ့နေရာတွေအထိ သွားရောက်ပြီး အောက်ဆီဂျင်ဖြည့်ပြီး သယ်ယူရတဲ့အနေအထားကြောင့် အောက်ဆီဂျင်ရရှိဖို့က အင်မတန် အရေးကြီးပါတယ်။ အောက်ဆီဂျင်ရရှိဖို့ရန်အတွက် သက်ဆိုင်ရာတွေနဲ့ မြို့မိမြို့ဖတွေ ပရဟိတအဖွဲ့တွေက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး လိုအပ်ချက်အရ ဖြည့်ဆည်းနိုင်တဲ့ အနေအထားရှိပါတယ်။ အောက်ဆီဂျင် အမြဲတမ်း ရေရှည်အတွက် ရရှိနိုင်ဖို့ရန်ဆိုတဲ့ အနေအထားနဲ့ မြို့နယ်မှာရှိတဲ့ သြဇာတိက္ကမကြီးတဲ့ ဆရာတော်ကြီးတွေကို အမှူးထားပြီး ကျွန်တော်ကိုယ်တိုင် နယကအဖြစ်ဆောင်ရွက်ပြီး အောက်ဆီဂျင်ရရှိရေးကော်မတီအဖွဲ့ ဖွဲ့စည်းထားပြီး အလှူခံတဲ့ လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ မကြာခင်မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်တဲ့ အနေအထားကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ လောလောဆယ်ကတော့ အပြင်ကပဲ လုံလောက်အောင် ရရှိအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး= ပင်လည်ဘူးမှာ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေကလာတဲ့လူတွေ ဒါမှမဟုတ် ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သံသယလူနာတွေအတွက်သက်သက် Quarantine Centre တွေ ထားရှိပါသလားရှင့်။
ဖြေ= ဒီမှာတော့ Quarantine Centre မြို့ပေါ်မှာ အား/ကာ ခန်းမထားတယ်။ အရန်အနေနဲ့ ဓမ္မာရုံတွေမှာ စီစဉ်ထားပါတယ်။
မေး= အခုရက်ပိုင်းအတွင်းမှာပဲ ထိုးနှံပေးတဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ သိပါရစေရှင့်။
ဖြေ= ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် ဆေးအလုံး ၁၀၀၀ ရရှိပါတယ်။ အဲဒါတွေကိုလည်း ၄ နေရာသတ်မှတ်ပြီး ထိုးနှံပေးပါတယ်။ ပထမနေရာကတော့ အထက-ပင်လည်ဘူးမှာ ကျန်းမာရေးဌာနက ကြီးကြပ်ပြီးဆောင်ရွက်ပေးပါတယ်။ ဒုတိယနေရာကတော့ အထက-မြေလင်းမှာ ထိုးနှံပါတယ်၊တတိယနေရာကတော့ မံစီလေး-အထကမှာ ထိုးနှံပါတယ်။ စတုတ္ထနေရာ အထက-မိချောင်းအင်းမှာထိုးနှံပါတယ်။ အဲဒီ ၄ နေရာမှာ ကျွန်တော်တို့ထိုးနှံပါတယ်။ ဒုတိယအကြိမ်ရတဲ့ ဆေးတွေကိုလည်း အဲဒီ ၄ နေရာမှာပဲ ထိုးနှံပေးပါတယ်။ မိချောင်းအင်းကတော့ နည်းနည်းအခက်အခဲရှိတဲ့အတွက် မိချောင်းအင်း နေရာအစား ခေါက်စင်း-အထကမှာ ထိုးပေးပါတယ်။
မေး= ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ရော ကိုဗစ်နဲ့ပတ်သက်ပြီးတော့ရော ဥက္ကဋ္ဌကြီး အနေနဲ့ ဖြည့်စွက်ပြောစရာတွေရှိရင် ပြောပေးပါအုံးရှင့်။
ဖြေ= ကိုဗစ်-၁၉ ကတော့ သိပ်ကြောက်စရာကောင်းပါတယ်။ သိပ်ကြောက်ဖို့ ကောင်းတဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မလိုအပ်ဘဲနဲ့ အပြင်မထွက်ဖို့ မဖြစ်မနေအပြင်ထွက်ရမဲ့ ကိစ္စတွေ ရှိလာရင် Mask တပ်ဖို့ လက်ဆေးဖို့ တစ်ယောက်နဲ့ တစ်ယောက် သတိပေးဖို့ အသိပေးဖို့ လိုပါတယ်။ မြို့နယ်အတွင်းမှာ သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက် တွေကို လိုက်နာမယ်ဆိုရင် ကိုဗစ်ဖြစ်ပွားမှုဟာ တစ်ဖြေးဖြေးနဲ့ လျော့ကျပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
မြို့နယ် (ပြန်/ဆက်)