မင်းဘူး ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အခြားနာမကျန်း လူနာများ၏ အောက်ဆီဂျင် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဦးဆောင်ကြီးကြပ်၍ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မြို့မိ မြို့ဖများနှင့် ပူးပေါင်း၍ အောက်ဆီဂျင် စက်ရုံစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ တည်ဆောက်မည့် အောက်ဆီဂျင် စက်ရုံမှာ ၃၀ လီတာကျု အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၄၀ ထွက်ရှိမည်ဖြစ်ပြီး ၎င်းအောက်ဆီဂျင်စက်အား တိုင်းဒသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေး၍ ဩဂုတ်လ တတိယပတ်တွင် ရောက်ရှိမည်ဖြစ်ကာ အဆောက်အအုံနှင့် စက်ပစ္စည်း တပ်ဆင်မှုများသည် တစ်လကြာမြင့်မည်ဟု ခန့်မှန်းထားသောကြောင့် မကြာမှီ ကာလများတွင် စတင်လည်ပတ် နိုင်တော့မည်ဖြစ်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဘဏ္ဍာရေးမှူး ဦးမျိုးမင်းထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် မြေနေရာအား ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက လှူဒါန်းတာ ဖြစ်ပြီး၊ ထရန်စဖော်မာ အလှူရှင်မှာ မင်းဘူးမြို့ မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးအောင်ဆန်းဝင်း+ဒေါ်မြင့်မြင့်အေး၊ မီးနှင့် ထရန်စဖော်မာအား ကိုသန်းဇော် မန်းသီတာက တာဝန်ယူ တပ်ဆင်ပေးသွားမှာဖြစ်ကာ အောက်ဆီဂျင်စက်ရုံ အလှူရှင်မှာ မင်းဘူးမြို့ ရွှေရောင်မြေ မိသားစုတို့က ပစ္စည်းကုန်ကျငွေများအတိုင်း လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
ယခင်က အောက်ဆီဂျင်စက်ရုံ၏ ခန့်မှန်းကုန်ကျငွေ စာရင်းမှာ စက်ပစ္စည်း တန်ဖိုး ကျပ်သိန်း ၅၀၀၊ စက်ရုံ တည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်း ၇၀၀နှင့် ထရန်စဖော်မာအတွက် ကျပ်သိန်း ၂၀၀ ဖြင့်ခန့်မှန်း ထားသော်လည်း ယခုအခါ အလှူရှင်များ ပေါ်ထွက်လာပြီဖြစ်၍ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် အကယ်၍ အောက်ဆီဂျင် အိုးများနှင့် အခြားသုံးစရာအတွက် ငွေကြေးအခက်အခဲများ ပေါ်လာပါက ဒေသခံများ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက မင်းဘူးမြို့ပေါ်မှ အောက်ဆီဂျင် လိုအပ်သော လူနာများအပြင် အနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်များ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း အတွင်းရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ဇေယျာထက် (မင်းဘူး)