ရေဖြူ ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ဩဂုတ်လ ၁၀ရက်နေ့ ညနေ (၅)နာရီကရေဖြူမြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂ဝ) ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန် စသည့် သတိထား လိုက်နာရမည့်အချက်များကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် အရင်က တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပိုမို လိုက်နာနိုင်ကြ စေရန် သုံးရက်တစ်ကြိမ် နှိုးဆော် လျှက်ရိကြောင်းသိရသည်။
ရေဖြူ (ပြန်/ဆက်)