သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် သြဂုတ် ၁၀

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးလာရောက် လာရောက်ထိုးနှံသူ အဘိုးအဘွားများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းများကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများအလိုက် အုပ်စုများခွဲကာ ထိုးနှံပေးလျက်ရှိပြီး သြဂုတ် ၃ ရက်နေ့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများနှင့် သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း ၁၇၈ ဦး၊ သြဂုတ် ၄ ရက်နေ့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၄၉၂ ဦး သြဂုတ် ၅ ရက်နေ့တွင် ၁၉၀ ဦး၊ သြဂုတ် ၆ ရက်နေ့တွင် ၂၃၈ ဦးနှင့် သြဂုတ် ၇ ရက်နေ့တွင်၂၄၆ ဦး၊ သြဂုတ် ၉ ရက်တွင် ၁၆၉ ဦးထိုးနှံပေးခဲ့ပြီး ယနေ့တွင်လည်း အသက် ၆၅ နှစ် အထက် အဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)