ချောင်းသာ သြဂုတ် ၁၀
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ နေ့လယ် (၁၂) နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မ စျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အ.ထ.က စာသင်ကျောင်းအတွင်းတွင် ထိုးနှံပေးခြင်း ဖြစ်ပြီး ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေ စေခြင်း၊ ဆေးစစ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းလုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင်လူနှစ်ဦး ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ မြို့ကျန်းမာရေးဌာန၊ မြို့စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လဝက၊ မြို့နယ်ပြန်/ဆက်နှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်း/ သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။
ယနေ့ပြုလုပ်သည့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသည့် ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် ပရဟိတ ကူညီဆောင်ရွက်ပေးကြသော အများအကျိုးဆောင် လူငယ်လေးများကို ဦးမြရွှေ မိသားစုများက နေ့လယ်စာအဖြစ် ခေါက်ဆွဲကြော် ဗူး(၄၅)တို့အား ပါဝင်လှူဒါန်း ကူညီခဲ့ပါသည်။