ငါးသိုင်းချောင်း ဩဂုတ် ၁ဝ
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ ဓမ္မဝေပုလ္လကျောင်းတိုက်ရှိ ကရုဏာ အောက် ဆီဂျင်(အခမဲ့)အလှူတော်အဖွဲ့မှ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ရောဂါဝေဒနာရှင် ဒေသခံ ပြည်သူများအတွက် အောက်ဆီဂျင်အခမဲ့ လှူဒါန်းဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဒေသခံပြည်သူများအတွက်လတ်တလော လိုအပ်ချက်တစ်ခုဖြစ်သည့် (အောက်ဆီဂျင်) အမြန်ဆုံးဖြည့်ဆည်း လှူဒါန်းပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်းရှိ အောက်ဆီဂျင် စက်ရုံများမှ တစ်ဆင့်သယ်ယူ၍ ထပ်ဆင့်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။ ယခုအခါ ပုသိမ်မြို့ We Love Pathein အများပြည်သူအစုအဖွဲ့ပိုင် အောက်ဆီဂျင်စက်ရုံမှ တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအတွက် (ဒုတိယဦးစားပေး)အစီအစဉ်ဖြင့် စတင်ဖြန့်ဝေပေးနိုင်ပြီဖြစ်သည့် အတွက် ထပ်ဆင့်ဖြန့်ဝေပေးနိုင်မှု အခွင့် အလမ်း ပိုမိုရရှိလာပြီဖြစ်ကြောင်း ကရုဏာအောက်ဆီဂျင် (အခမဲ့)အလှူတော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
လတ်တလောအခြေအနေတွင် ငါးသိုင်းချောင်းမြို့နှင့်အနီးပတ်ဝန်းကျင်အတွက် အောက်ဆီဂျင် (၁၅လီတာဆံ့) အိုးအလုံးရေ(၅၀)ခန့် ပုံမှန်ဖြည့်ဆည်း လှူဒါန်းပေးနေရကြောင်း၊ အောက်စီဂျင် အရေး ပေါ် လိုအပ်မှုများ အတွက်လည်း အဖွဲ့မှ အသင့်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါ လုပ်ငန်းများ အဆက်မပြတ် အကျိုးပြုလှူဒါန်းဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူအလှူရှင်များက အဖွဲ့သို့ လှူဒါန်းထောက်ပံ့မှုများလည်း ရှိနေကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)