ဟင်္သာတမြို့နယ် ရွှေဟင်္သာဆိပ်ကမ်းရှိသဘာဝရေ ပြင်အတွင်းငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဟင်္သာတ  ဩဂုတ်   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်တွင် ငါးသံဇာတမျိုးများ ပျောက်ကွယ်မှုမရှိစေရန် ၊ငါးသယံ ဇာတတိုးပွါးစေရန်၊ ကျေးလက်နေပြည်သူများဝမ်းစာရရှိစေရန်နှင့် ဝင်ငွေတိုးတက်စေရန်ရည်ရွယ်၍  ငါးသားပေါက်စခန်းတာဝန်ခံနှင့် ဝန်ထမ်းများက  ယနေ့နံနက်(၈)နာရီအချိန်တွင်  ဟင်္သာတမြို့နယ် ရွှေဟင်္သာ ဆိပ်ကမ်းရှိဧရာ၀တီ သဘာ၀ရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်သိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဗိုလ်မှူးကျော်စွာထွန်းနှင့်မြို့နယ်လ၀ကဦးစီးမှူး ဦးစိုးမြင့်အောင်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးတင့်လွင်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ငါးမျိုးစိုက်ထည့် ခဲ့ကြကြောင်း သိရသည်။

အဆိုပါငါးမျိုးများသည်ဟင်္သာတငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်များဖြစ်ပြီး   ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ နှစ်သိန်းနှစ်သောင်း တို့ကို စိုက်ထည့်ခဲ့ကြကြောင်းသိရသည်။    

ခင်သန္တာထွေး