သဲကုန်း သြဂုတ် ၁၀ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားရာတွင် "ယခုအချိန် ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုအလွန်မြန်နေသည့်အတွက် ကျန်းမာ ရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ အဘိုး အဘွားများအား ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပေးအပ်ရန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးမှအသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား(၁၀၂၅)ဦးအား ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ(၃)စာအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ် နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၃၀၇၅၀၀၀၀/- ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူ များမှ လက်ခံရယူခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အဘိုးအဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း