ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်များ ထောက်ပံ့

ဘားအံ   ဩဂုတ် ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ အခြေခံစားသောက်ကုန်များထောက်ပံ့ပွဲ အခမ်းအနား သို့ တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ပေးနိုင်ရေး အတွက် ယခင်လများမှစတင်၍ ကြိုတင်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရုံးပိတ်ရက်များကြောင့် ထောက်ပံ့ပေးနိုင်မှု ကြန့်ကြာခဲ့ရပါကြောင်း၊ ထို့အပြင် တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ရေကြီးရေလျှံမှုများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးကိစ္စရပ်များအား အရေးပေါ်ဆောင်ရွက်နေရ၍ ဖြစ်ပါကြောင်း၊ မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်လည်း တာဝန်အရ သွားလာလုပ်ကိုင်နေရသည်များရှိ၍ အလုပ်လုပ်ရင်း ကျန်းမာရေးကို ဂရုစိုက်ကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာမှ မိမိတို့လုပ်ဆောင်လိုသည့် အရာအားလုံးကို လုပ်ကိုင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့နေထိုင်လိုက်နာဆောင်ရွက်ခြင်းသည်ပင် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်မှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ လက်ခံရယူပြီး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် ကရင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအတွက် စုစုပေါင်းငွေကျပ် (၁,၂၃၅,၀၀၀)တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဘားအံမြို့၊ ဇမ္ဗူမြိုင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်  ဘဒ္ဒန္တနန္ဒိယ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) သက်တော် (၉၃)နှစ်၊ ဝါတော်(၇၃)ဝါသည် ဩဂုတ်လ (၉)ရက်နေ့ နံနက်(၁)နာရီခန့်က ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကာ အန္တိအဂ္ဂိဈာပနအတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)