ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေး အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်မည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်းနှင့် အခြားစပ်ဆက် လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံ တည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ယင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာအား အလှူရှင် ဒေါက်တာထွန်းထွန်း က စက်ရုံလည်ပတ် ဆောင်ရွက်နေသည့်ကာလတစ်လျှောက် အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရကာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများကလည်း အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိပြီး ယနေ့အထိ စုစုပေါင်းအလှူငွေ ၂၃၂၄၈၀၀၀ ကျပ် ရရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒ ကရုဏာရှင်များနာမှု ကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက် ထံကသိရသည်။
ယခု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ်ရရှိမည်ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြားနာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေ ချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အပြင် အခြားအနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)