ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း

ချောင်းသာ  သြဂုတ်   ၉

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်၍ နေ့လယ် ၁၂ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အထက စာသင်ကျောင်းအတွင်းတွင် ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းလုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးမှကြီးမှူး၍ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ လဝက၊ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့ပြုလုပ်သည့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသည့် ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် ပရဟိတကူညီဆောင်ရွက်ပေးကြသော အများအကျိုးဆောင် လူငယ်လေးများကို ဦးကျော်သူ+ဒေါ်ပြည့်ဖြိုးဝင်း၊သမီး မယွန်းတွယ်တာကျော်၊ သားမောင်ဉာဏ်သုတကျော် မိသားစုမှ နေ့လယ်စာအဖြစ် ကြာဇံကြော် ဘူး(၄၀)တို့အား ပါဝင်လှူဒါန်းကူညီခဲ့သည်။

ချောင်းသာ (ပြန်/ဆက်)