ပုလဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ လှည့်လည်ဆောင်ရွက်

ပုလဲ သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် COVID- 19 ထိန်းချုပ်ရေးနှင့်  အရေးပေါ်  တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  သြဂုတ် ၉ ရက်၊ နံနက် ၈နာရီက ပုလဲမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံနိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်သည့်  အချက်များမှာ  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေခြင်းကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား  အသက် ( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ  အပါအဝင် ဦးတည်အုပ်စုအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမနှင့်ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့်  လာရောက်ထိုးနှံကြစေလိုကြောင်း၊ မိဘပြည်သူများ အနေနှင့်အတတ်နိုင်ဆုံး မဖြစ်မနေ  အိမ်တွင်းမှာသာ နေထိုင်ကြပါ၊  မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျ  တပ်ဆင်ပါ။ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ  ခပ်ခွာခွာနေပါ။   Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊  ဈေးဝယ်ခြင်းများမှ  ရှောင်ကြဉ်ကြပါ။   တစ်ခုခုကို  ကိုင်တွယ်ပြီးတိုင်း  ထိတွေ့ပြီးတိုင်း လက်ကို  ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်( ၂၀ ) ကြာအောင် စနစ်တကျဆေးပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း ဖြစ်စေ၊အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask  များကို   အိမ်အပြင်မှာ  စွန့်ပစ်ပါ။ အကယ်၍ မိမိတို့မှာ  ရောဂါပိုး   ကူးစက်ခံရနေရသည်ဟု   သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍   မပျက်မကွက်   စစ်ဆေးကုသမှု   ခံယူကြပါ ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို မိဘပြည်သူများအားလုံးက တိကျစွာ လိုက်နာကြရန် စသည့်  အချက်များကို အသိပေးနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။

ပုလဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး(၁၂၅၀)လုံး  ခွဲတမ်း ရရှိသောကြောင့် ဆေး(၁)လုံးလျှင်  ၂ ဦးနှုန်းဖြင့် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား သြဂုတ် ၃ရက်နေ့တွင် (၅၀၀)ဦး၊သြဂုတ် ၄ရက်နေ့တွင် (၅၀၀) ဦး၊ သြဂုတ် ၇ ရက်နေ့တွင်(၃၁၈)ဦး၊သြဂုတ် ၈ရက်နေ့တွင် (၇၇၆)ဦးနှင့်သြဂုတ် ၉ ရက်နေ့တွင် ( ၄၀၆ )ဦး စုစုပေါင်းလူဦးရေ(၂၅၀၀)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံရရှိမှုအပေါ် မူတည်၍  ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)