မြဝတီ သြဂုတ် ၁၃
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှုစေရေး လှည့်လည်နှိုးဆော်ပေးလျက်ရှိပြီး အိမ်တိုင်ရာရောက် Mobile Service ဆောင်ရွက် ပေးလျက်ရှိကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
မြို့နယ် မဲစာရင်းကောက်ယူရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး မဲစာရင်းသွင်းဖို့ ကော်မရှင်အဖွဲ့ခွဲမှာကတော့ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူးက အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်၊ ပထမအကြိမ် မဲစာရင်းကပ်တော့ နာမည်တွေမှားတာ မှတ်ပုံတင်တွေလွဲတာ ကျန်ခဲ့တာတွေရှိတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရယ် စာရေးတွေရယ်ကို အစည်းအဝေးခေါ်ပြီး မဲစာရင်းတွေလာကြည့်ဖို့၊ မှားတာတွေပြင်ဖို့ ကျန်ခဲ့ရင်ဖြည့်ဖို့ အပိုင်းလိုက် အသံချဲ့စက်တွေနဲ့နှိုးဆော်ဖို့ ဆောင်ရွက်ခဲ့တာပါ၊ အဲ့ဒီအပြင်ကို လာမကြည့်နိုင်တဲ့ ပြည်သူတွေအတွက် လမ်းအလိုက်ကွင်းဆင်းပြီး မဲစာရင်းတွေတိုက်ဆိုင်စစ်ဆေးတာ၊ ပြင်ဆင်တာ ဖြည့်စွက်တာတွေကို တစ်ခါတည်း Mobile Service ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲ ၁၉ ဖွဲ့ရှိကာ မဲရုံပေါင်း ၇၈ ရုံ လျာထားဖွဲ့စည်းထားရှိပြီး မဲဆန္ဒရှင်စာရင်း တစ်သိန်းလေးသောင်းကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)