ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဖြူး   ဩဂုတ်  ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ  ငမြွေရေလှောင်တမံအား မိုးရွာသွန်မှုကြောင့် ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်နိုင်ရည် ရှိစေရန်ဆောင်ရွက်သွားရမည့် အခြေအနေများကို ယနေ့နံနက်(၉)နာရီ အချိန်က ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်  ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်ရှိ ငမြွေချောင်းရေလှောင်တမံအား (၁၉၉၈)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ဆည်ရေ သောက်ဧရိယာ(၁၀၀၀)ဧက ရေပေးဝေနိုင်ပြီး ပင်မတမံအလျား(၈၀၀)ပေ၊ ရေဆင်းဧရိယာ(၃.၆၃) စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန်(၇၆.၈၅)လက်မ၊ ကန်ရေသေရေလှောင်ပမာဏ(၅၃၀)ဧကပေ၊ နှစ်စဉ်ပျမ်းမျှစီးဝင်ရေ (၁၂၆၅၀) ဧကပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ(၂၃၈၀) ဧကပေ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိအမှတ်ထက် (၇) လက်မကျော်ရှိရာ စိုးရိမ်မှုအခြေအနေမရှိကြောင်း သိရသည်။

အဆိုပါဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံအား ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ရေဆင်းဧရိယာနှင့် ရေပိုလွှဲနိုင်မှုအခြေအနေ၊ မိုးရွာသွန်းမှုနှင့် မိုးရေချိန်လက်မ အခြေအနေ၊ တမံအတွင်းရေဝင်ရောက်မှု ပမာဏအထက် ကျော်လွန်မှုအခြေအနေများကို စစ်ဆေးခဲ့ရာ ဖြူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငမြွေရေလှောင်တမံ၏ အခြေအနေများကို ရှင်းလင်းပေးခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေရှိလာပါက ဆောင်ရွက်သွားရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ဖြူး)