ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ၁ ဒသမ ၉ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး မုန်းချောင်းအောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုများရှိနေပြီး ယနေ့ နံနက် ၆ နာရီအချိန်တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်သည့် ၃၄၀ ပေ အထက် ၁ ဒသမ ၉ ပေ ခန့် ဆက်လက်ရေကျော်ကျလျက်ရှိပြီး အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန် အတွက် ယမန်နေ့က သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ်အခြေအနေသတ်မှတ်၍ တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေအား အစိမ်းရောင်အလံစိုက်ထူ၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ အထက်ပိုင်းဒေသ မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတွေ ရှိနေပါတယ်။ တမံရဲ့ ကန်ရေပြည့်အမှတ်ကတော့ ၃၄၀ ပေ ဖြစ်ပါတယ်။ မိုးရေဝင်ရောက်မှု အခြေအနေကိုလည်း တမံအောက်ဘက်ရှိပြည်သူတွေ ကြိုတင် သိရှိနိုင်အောင် အသိပေးနှိုးဆော်ထားပါတယ်။ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ၁ ဒသမ ၉ ပေ ရေကျော်ကျနေပါတယ်။ ဒါပေမယ့် စိုးရိမ်စရာအခြေအနေ မရှိသေးပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံရေဝင်မှုအခြေအနေကို အမြဲစောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ထူးခြားမှု ရှိလာပါက ဒေသခံပြည်သူတွေကို အချိန်နဲ့ တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိအနေအထားကတော့ စိုးရိမ်စရာအခြေအနေ မရှိပါဘူး” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် က ပြောကြားသည်။
ရဲဝင်းနိုင် ( ညောင်ဦး )