လက်ပံတန်း ဩဂုတ် ၉
လက်ပံတန်းမြို့ နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော လုပ်ပြည်သူများ အနေဖြင့် ဈေးရောင်းဈေးဝယ် အဆင်ပြေချောမွေ့စေရေးအတွက် ပထမအဆင့်အနေဖြင့် ကိုဗစ်၁၉ စည်းကမ်းချက်များနှင့်အညီ ဩဂုတ်လ ၁၀ရက်နေ့မှစ၍ မြို့မဈေး၊ ကျွန်းကလေးဈေး၊ သာရဝေါနှင့်ခမုံကျေးရွာဈေးများအား နံနက် ၆နာရီမှ ၁၂နာရီအတွင်း ကိုဗစ်၁၉ စည်းကမ်းချက်နှင့်အညီ နေ့တစ်ဝက်ပြန်လည်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
မြို့မဈေးအတွင်း ဟင်းသီးဟင်းရွက် နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံး၊ မွေးမြူရေးသုံးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်များအား မူလနေရာတွင်များတွင် ပြန်လည်ရောင်းချခွင့်ပြု၍ သားငါး ဈေးဆိုင်များအား မြို့မဈေးရှေ့(၁)လမ်းတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့်နေရာတွင် ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်သည်။
စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ဆက်လက် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အသိပေးကြေညာထားကြောင်း သိရသည်။
ဈေးရောင်းချသူများအနေဖြင့် ကိုဗစ်၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကို မဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက်အကြိမ်ပြည့်ခံယူကြပါရန်နှင့် ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အသိပေးနိုးဆော်ထားကြောင်း သိရသည်။
ဝင့်နန္ဒာဌေး