ကော့သောင်း သြဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက် ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ရဟန်းသံဃာ သာသနာ့ ဝန်ထမ်းများ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ခရိုင်ပြည်သူ့ ကျန်းမာရေးဌာန၏ ယမန်နေ့ စာရင်းအရ(၃၈၄၆)ဦးအား ထိုးနှံ့ပေးပြီး ဖြစ်ကာ ယနေ့အထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း လွန်ခဲ့သည့်ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး အလုံး(၉၀၀) အသုံးပြုကာ သံဃာတော်နှင့် သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ် နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေ စုစုပေါင်း(၅၄၂၅) ဦးအား ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ယခု ဒုတိယအကြိမ်ရရှိသည့် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm အလုံး(၂၁၅၀)ဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေး ဌာနဝန်ထမ်းများနှင့် ကုတင်(၁၀၀) တပ်မတော်ဆေးရုံ ဆေးဝန်ထမ်းများ က ဇူလိုင်လ ၃၁ ရက်နေ့ကစတင်၍ ရဟန်းသံဃာ သာသနာ့ ဝန်ထမ်းများ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် ဘော်လံတီယာ လူမှုကူညီရေးအဖွဲ့များအား ဦးစားပေး ထိုးနှံပေးခဲ့ရာ သြဂုတ် ၈ရက်နေ့ အထိ ဆေးထိုးနှံရက် ကိုးရက်အတွင်း ကာကွယ်ဆေး(၁၉၂၃)လုံးအသုံးပြုကာ ပြည်သူ(၃၈၄၆)ဦးအား ကာကွယ်ဆေး တစ်ကြိမ်စီ ထိုးနှံပေးပြီးဖြစ်သည်။
ဆက်လက်၍ မြို့နေ့ပြည်သူ့အလွှာများဖြစ်သည့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ ပင်လယ်ငါးဖမ်း ရေလုပ်သားများအား သတ်မှတ် ရက်များအလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း၊ ကော့သောင်းခရိုင်၊ ပြည်သူ့ ကျန်းမာရေး ဌာနအနေဖြင့် ကျေးလက်ဒေသများရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ့မှု လုပ်ငန်းများကိုလည်း အဖွဲ့ခွဲကာ တပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံ့ပြီး သူများအားလုံး သတ်မှတ်ကာလအတွင်း နောက်ထပ် တစ်ကြိမ် ကာကွယ်ဆေး ဆက်လက် ထိုးနှံ့ရဦးမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)