သဲကုန်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့်၄င်းတို့၏မိသား စုဝင်များအား ဂျပန်နိုင်ငံပြည်သူများမှဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲအခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆန်များ လှူဒါန်းထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် ရရှိသောဆန်ခွဲတမ်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။
အဆိုပါဆန်များမှာ ဂျန်နိုင်ငံမှပြည်သူများက ပေးပို့ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သဲကုန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ(၉၄)ဦးရှိ၍ မိသားစုဝင်တစ်ဦးထပ်ပေါင်းပေးအပ်ခဲ့ရာစုစုပေါင်း (၁၈၈)ဦးအတွက် တစ်ဦးလျှင် ၁၄ ပြည်နှုန်းဖြင့် စုစုပေါင်းဆန်(၅၄)အိပ်(၁၆)ပိဿထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)