ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသိပေးနှိုးဆော်

ပခုက္ကူ ဩဂုတ် ၈

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် နံနက် ၁၀နာရီမှ ညနေ ၅နာရီအချိန်အတွင်း ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပ ထွက်ခွာ သွားလာခြင်း မပြုရန် ယမန်နေ့ ညနေ ၅နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း  အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်သည်။

          ကျန်းမာရေးဝန်ကြီးဌာနက ပခုက္ကူမြို့နယ်အတွင်းရှိပြည်သူများအား Stay at home (နေအိမ်တွင်နေထိုင်ရေး) ဇူလိုင်လ ၂၁ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း  ထုတ်ပြန်ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်များ စနစ်တကျဖွင့်လှစ်ပြီး ကြပ်မတ်စစ်ဆေးခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်သွားလာရေး လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ မြို့မဈေး၊ ယာယီပျံကျ ဈေးများနှင့်ဆေးဆိုင်များတွင် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများကိုသာ ဖွင့်လှစ်ရောင်းချစေခြင်း၊ အဆိုပါဈေး နှင့်ဆေးဆိုင်များအား နံနက် ၄နာရီမှ ၁၀နာရီအထိသာ ရောင်းချစေပြီး သတ်မှတ်နေရာအကွာအဝေး၌သာ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်စေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေခြင်းများကို  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်ကော်မတီဝင် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း၊  ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှအပ နံနက် ၁၀နာရီမှ ညနေ ၅ နာရီ အတွင်း နေအိမ်ပြင်ပထွက်ခွာသွားလာခြင်း မပြုကြရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ် ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်မှုမရှိဘဲ ထွက်ခွာသွား လာကြသည့် ပြည်သူများ ရှိကြောင်း၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ယနေ့မှစတင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွများတွင် နံနက် ၁၀နာရီမှ ညနေ ၅နာရီအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတွေ့ရှိပါက တည်ဆဲဥပဒေအရ စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြကြောင်း သိရသည်။