မင်းဘူး ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ငါးမြို့နယ် ထိုးနှံပြီးသူပေါင်း ၂၀၀၅၁ ဦးထိုးနှံပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စာရင်းများအရ မင်းဘူး(စကု)မြို့နယ်တွင် ၅၃၄၈ ဦး၊ ပွင့်ဖြူမြို့နယ်တွင် ၃၃၀၄ ဦး၊ စလင်းမြို့နယ်တွင် ၄၉၃၆ ဦး၊ ငဖဲမြို့နယ်တွင် ၂၄၄၅ ဦး၊ စေတုတ္တရာ မြို့နယ်တွင် ၄၀၁၈ ဦး တို့ကို ကာကွယ်ဆေး Sinopharm ဆေးများ ထိုးပေး သွားပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လျာထားချက် စာရင်းများတွင် မင်းဘူး(စကု)မြို့နယ်၌ ၆၁၀၀ ဦး၊ ပွင့်ဖြူမြို့နယ်တွင် ၆၁၀၀ ဦး၊ စလင်း မြို့နယ်တွင် ၆၁၀၀ ဦး၊ ငဖဲမြို့နယ်တွင် ၄၁၀၀ ဦးနှင့် စေတုတ္တရာ မြို့နယ်တွင် ၆၁၀၀ ဦးတို့ ကာကွယ်ဆေးများ ထိုးနှံ ပေးသွားမည်ဖြစ်သည်။
ထိုကဲ့သို့ ကာကွယ်ဆေး Sinopharm များထိုးနှံပေးရာတွင် မင်းဘူး(စကု)မြို့နယ်တွင် စုရပ်နှစ်နေရာ၊ ပွင့်ဖြူ မြို့နယ်တွင် စုရပ်တစ်နေရာ၊ စလင်းမြို့နယ်တွင် စုရပ်ခုနှစ်နေရာ၊ ငဖဲမြို့နယ်တွင် စုရပ်သုံးနေရာ၊ စေတုတ္တရာ မြို့နယ်တွင် စုရပ်ခြောက်နေရာ စုစုပေါင်း ၁၉ နေရာထားရှိ၍ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံ အသိပေးနှိုးဆော်ကာ ထိုးနှံပေးလျက်ရှိသည်၊၊
ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဦးစားပေး အစီအစဉ် အနေဖြင့် အသက် ၆၅ နှစ်အထက် အဘိုး အဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာတော် သံဃာတော်များ၊ သီလရှင် ဆရာကြီး ဆရာလေးများ၊ ပရဟိတ အသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများ၊ ပုဂ္ဂလိက ဝန်ထမ်းများအား အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)