ဘားအံ ဩဂုတ် ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်၊ ပြည်နယ်တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းရှိ တံတားများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ(၂၈)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် အရှည်(၂၄)ပေရှိ သရက်တောသစ်သား တံတားပျက်စီးခဲ့မှု အခြေအနေနှင့် ၎င်းနေရာတွင် တံတားအထူးအဖွဲ့(၁၄)မှ အရှည်ပေ(၉၀)ရှိ ဘေလီတံတား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဘေလီတံတားအား ဩဂုတ်လ(၁၀)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး ခရီးသွားပြည်သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပတချောင်းကူးတံတား အရှည်ပေ(၃၀၀) တံတားတည်ဆောက်နေမှုအား လည်းကောင်း၊ ပေါင်ကျေးရွာအနီးရှိ အရှည်ပေ(၉၀) တံတား တည်ဆောက်နေမှုအားလည်းကောင်း ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်နှင့် တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ရှိ သူများက တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရေကြီးရေလျှံမှုများကြောင့် လမ်းပခုံးများ ပျက်ဆီးသည့်နေရာများအား အမြန်ဆုံးပြန်လည် ပြင်ဆင်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)