အုတ်တွင်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ နေ့စျဉ်မြင့်တက်လျက်ရှိပြီး ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက်များဖြင့် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများသို့ Mobile Library ဖြင့် လှည့်လည် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ၊ သို့မှသာ ကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ နှာခေါင်းစည်း(Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ထိတွေ့ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ ရှောင်ပါ၊ မိမိတို့ နေအိမ် ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက် သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြပါနှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေ ရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကို တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ